ထွေအုပ်အရာရှိတွေမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ခွင့်ရှိသလား ?
ထွေ/အုပ် အရာရှိတွေမှာ
ရာဇဝတ်ကျင့်ထုံးဥပဒေ၊ပုဒ်မ ၁၄၄ အရ
အမိန့်ထုတ်ပြန်ခွင့် ရှိသလား ?
------+++++++--------
Credit: U Kyaw Aye
(Rtd. Director General, Office of the Attorney General)
ဒီပြဿနာအတွက်အဖြေပေးဖို့ တိုင်းထွေ/အုပ်ဦးစီးဌာနတစ်ခုရဲ့ ဦးစီးအရာရှိတစ်ဦးက Messenger မှတစ်ဆင့် မေတ္တာရပ်ခံလာပါတယ်၊"အဲဒီလိုအမိန့်ထုတ်ဖို့ အာဏာမရှိတော့ဘူးဆို ဆရာ" တဲ့
Maung Maung Nyunt တင်ထားတဲ့ post တစ်ခုရဲ့ Int.link တစ်ခုကိုလည်း ပေးပို့ခဲ့ပါတယ်။
ဒီပြဿနာရဲ့အဖြေကိုရှာဖို့အတွက် ၁၈၉၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေရဲ့ ခေတ်အလိုက် ပြောင်းလဲလာခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လိုက်ကြည့်ဖို့ လိုတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေရဲ့ ထူးခြားချက်က အုပ်ချုပ်ရေးအရာရှိများဖြစ်ကြတဲ့ မြို့နယ်၊ခရိုင်ခွဲနဲ့ခရိုင်အထွေထွေအုပ်ချုပ်ရေးအရာရှိများဖြစ်ကြတဲ့ မြို့ပိုင်၊နယ်ပိုင်ဝန်ထောက်နဲ့ခရိုင်ဝန်တို့ကို
ရာ/ကျင့်ဥပဒေပါ ရာဇဝတ်အာဏာများအပ်နှင်းပြီး တစ်နည်းအားဖြင့် မြို့နယ်ရာဇဝတ်တရားသူကြီး၊နယ်ပိုင်ရာဇဝတ်တရားသူကြီးနဲ့ခရိုင်ရာဇဝတ်တရားသူကြီးများအဖြစ် ခရိုင်တစ်ခုစီ
ရဲ့ရာဇဝတ်တရားစီရင်ရေးကို ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။
ဒါက ဗြိတိသျှကိုလိုနီနိုင်ငံတိုင်းမှာ ငြိမ်ဝပ်ပိပြားမှုရှိစေပြီး ကျွန်သက်ရှည်အောင် အုပ်ချုပ်နိုင်ရေးအတွက် ကျင့်သုံးခဲ့တဲ့စနစ်ပါ။
အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများအား ရာဇဝတ်အာဏာကိုပါ ပေးအပ်ပြီးပြည်သူများကို ဖိနှိပ်အုပ်ချုပ်တဲ့စနစ်ပါ။ဆိုလိုတာက အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးစနစ်ကို ရောထွေးပစ်ခြင်းဖြစ်လို့
လွတ်လပ်တဲ့တရားစီရင်ရေးဆိုတာ မရှိနိုင်ပါဘူး။ဒီစနစ်ကို ဗြိတိန်နိုင်ငံမှာ ကျင့်သုံးခြင်းမရှိပါ၊ ဗြိတိန်မှာတော့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို ခွဲခြားကျင့်သုံးပါတယ်။
အုပ်ချုပ်ရေးစနစ်ဟောင်းမှာ တရားရေးဝန်ကြီးဌာနဆိုတဲ့ ဝန်ကြီးဌာနတစ်ခုရှိခဲ့တယ်။ ဒီဝန်ကြီးဌာနရဲ့လက်အောက်မှာ ခရိုင်တရားမနဲ့စက်ရှင်တရားသူကြီးနဲ့ တရားမတရားသူကြီးလို့ခေါ်တဲ့ တရားရေးဝန်ထမ်းတွေရှိကြတယ်။ ခရိုင်တရားမနဲ့စက်ရှင်တရားသူကြီးက ခရိုင်ဝန်/ခရိုင်ရာဇဝတ်တရားသူကြီးနဲ့လစာတူ၊ အဆင့်တူဖြစ်သော်လည်း ရာဇဝတ်တရားစီရင်ရေးကို ကြီးကြပ်သူက ခရိုင်ဝန်/ ခရိုင်ရာဇဝတ်တရားသူကြီးသာဖြစ်ပြီး စက်ရှင်တရားသူကြီးကတော့ ခရိုင်ရာဇဝတ်အယူခံရုံးတရားသူကြီးအဖြစ်သာဆောင်ရွက်ပါတယ်။ခရိုင်ရုံးစိုက်ရာမြို့ရှိ တရားမတရားသူကြီးတွေကိုလည်း တရားရေးဝန်ကြီးဌာနက ရာ/ကျင့် ဥပဒေအရ ရာဇဝတ်တရားစီရင်ရေးအာဏာများကို အပ်နှင်းပြီး ရာဇဝတ်မှုများကို စစ်ဆေးစီရင်ခွင့်ပေးတယ်။သူတို့ကို ရာဘက်ရာဇဝတ်တရားသူကြီးလို့ခေါ်တယ်။ မြို့နယ်တိုင်းတော့မဟုတ်၊ရာဇဝတ်မှုနဲ့တရားမမှုများတဲ့ တချို့မြို့နယ်တွေမှာ တရားရေးဝန်ထမ်းဖြစ်တဲ့ မြို့နယ်တရားမတရားသူကြီး ဆိုတာလည်း ရှိတယ်၊ သူတို့ကိုလည်း တရားရေးဝန်ကြီးဌာနက ရာဇဝတ်အာဏာများအပ်နှင်းပြီး ရာဇဝတ်မှုများကို စစ်ဆေးစီရင်ခွင့်ပေးတယ်၊ သူတို့ကို ရာဘက်မြို့နယ်ရာဇဝတ်တရားသူကြီးလို့ခေါ်တယ်၊ ဒါပေမဲ့ မြို့နယ်ရာဇဝတ်တရားသူကြီး(မြို့ပိုင်)ရဲ့လက်အောက်ခံတော့မဟုတ်ဘူး။ သူတို့စစ်ဖို့ ရာဇဝတ်မှုတွေကိုတော့ မြို့ပိုင်က ခွဲဝေပေးတယ်။
၁၉၇၃ ခုနှစ်မှာတော့ ၁၉၇၄ ခုနှစ်ကစလို့ ပေါ်ပေါက်လာမဲ့ စနစ်သစ်တရားစီရင်ရေးရဲ့ရှေ့ပြေးအဖြစ် ပြည်သူ့တရားရုံးများ ပေါ်ပေါက်လာပြီး အထက်မှာဖော်ပြခဲ့တဲ့ တရားရုံးများ၊တရားသူကြီးများပျောက်သွားခဲ့သလို တရားရေးဝန်ကြီးဌာနလည်း ပျက်သွားခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ ပြည်သူ့ကိုယ်စားလှယ်များပါဝင်တဲ့ ပြည်သူ့တရားစီရင်ရေးစနစ်သစ်ပေါ်ပေါက်ခဲ့ပြီး ၄င်းနှစ်မှာပဲ စကားရပ်များအစားထိုးခြင်းဆိုင်ရာ နိုင်ငံတော်ကောင်စီရဲ့အမိန့်ကြော်ငြာစာ ထွက်ပေါ်လာခဲ့ပြီး ယခင်တရားရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အားလုံးကို ပြည်သူ့တရားသူကြီးအဖွဲ့က ဆက်ခံကျင့်သုံးခဲ့သလို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ တရားရုံးချုပ်က ဆက်ခံကျင့်သုံးခဲ့တယ်၊တရားရေးဝန်ထမ်းများခန့်ထားခြင်းနဲ့ ရာဇဝတ်အာဏာများအပ်နှင်းခြင်းကိုလည်းဆောင်ရွက်ခဲ့တယ်။
၁၉၇၃ ခုနှစ်ကစလို့ ခရိုင်နဲ့မြို့နယ်အဆင့်တွေမှာ အုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်ရေးအာဏာတို့ကို ပူးတွဲကျင့်သုံးခဲ့တဲ့ စနစ်ဟောင်းပျက်သွားပြီး အာဏာရပ်တစ်ခုစီခွဲခြားကျင့်သုံးတဲ့စနစ် ပေါ်ပေါက်လာခဲ့သလို ၁၉၇၇ ခုနှစ်မှာတော့ ရာ/ကျင့်ဥပဒေအရ ရောထွေးနေတဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအာဏာများကို တိတိကျကျ ခွဲခြားပေးတဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့်နဲ့အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့အား လုပ်ပိုင်ခွင့်အပ်နှင်းသည့်
ဥပဒေပေါ်ပေါက်လာခဲ့တယ်။ ဒီဥပဒေအရ ရာ/ကျင့် ဥပဒေမှာပါခဲ့တဲ့ အုပ်ချုပ်ရေးအာဏာပိုင်ကသာ ဆောင်ရွက်သင့်တဲ့ လုပ်ပိုင်ခွင့်များ(ပုဒ်မများ)အားလုံးကို ဇယားဖွဲ့ပြုစုပြီး အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်ကို အာဏာလွှဲပြောင်းပေးခဲ့တယ်။ အဲဒီအထဲမှာ ရာ/ကျင့် ပုဒ်မ ၁၄၄ နဲ့ ၁၄၅ တို့ဟာလည်း အုပ်ချုပ်ရေးအာဏာပိုင်က ဆောင်ရွက်ရမဲ့ လုပ်ပိုင်ခွင့်အဖြစ်နဲ့ ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ဖြစ်သွားခဲ့တယ်။
တစ်ဖန် ၁၉၈၈ ခုနှစ်မှာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးစနစ်ကပြောင်းလဲသွားပြန်တော့ စကားရပ်များအစားထိုးတဲ့ဥပဒေ(ဥပဒေအမှတ် ၈/၈၈)အရ ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်အား အပ်နှင်းထားတဲ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် အားလုံးဟာ မူလကကျင့်သုံးဆောင်ရွက်ခဲ့တဲ့ အစိုးရဌာနများရဲ့ လုပ်ပိုင်ခွင့်များ ပြန်ဖြစ်လာခဲ့ပြန်တယ်။ဒါပေမယ်လို့ ရာ/ကျင့်ဥပဒေပါ အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်များကို ကျင့်သုံးခဲ့တဲ့
မြို့ပိုင်/မြို့နယ်ရာဇဝတ်တရားသူကြီး စတဲ့ရာထူးတွေက မရှိတော့ဘူး၊ ဒီတော့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်တွေဟာ ယခင်မြို့ပိုင်အစရှိတဲ့ အရာရှိတွေကိုဆက်ခံကြတဲ့ ထွေ/အုပ်ဦးစီးဌာနကအရာရှိအဆင့်ဆင့်ရဲ့ လုပ်ပိုင်ခွင့်တွေဖြစ်သွားခဲ့တယ်။ ယခင်တရားရေးဝန်ကြီးဌာနရဲ့လုပ်ပိုင်ခွင့်တွေကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားရုံးချုပ်တို့က မိမိတို့နဲ့သက်ဆိုင်ရာတာဝန်ကို ခွဲဝေယူခဲ့ကြတယ်။
အခုဆက်လက်ပြီးဖြေရှင်းရမှာက အထက်မှာပြောခဲ့တဲ့ " ၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ပုဒ်မ ၂ အရ 'Magistrate' ဆိုတဲ့စကားလုံးကို 'judge' ဆိုတဲ့စကားလုံးနဲ့ အစားထိုးပြင်ဆင်လိုက်တာကြောင့် ထွေ/အုပ် အရာရှိတွေမှာ ရာ/ကျင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်နိုင်ခွင့်အာဏာမရှိတော့ကြောင်း"ဆိုပြီး ဆရာ Maung Maung Nyunt က Facebook မှာတင်ပြထားတဲ့ပြဿနာပါ။
(မူရင်းကိုဖတ်လိုက https://m.facebook.com/story.php... တွင်ဝင်ရောက် ဖတ်ရှုနိုင်)။
အဲဒီပြင်ဆင်ချက်ဆိုတာက ဒီလို -
"Magistrate"means any judge who is empowered by the Code of Criminal Procedure to take evidrnce and pronounce a judgement in any criminal proceeding.
အဓိပ္ပါယ်ကတော့ -
"ရာဇဝတ်တရားသူကြီး"ဆိုသည်မှာ ရာဇဝတ်မှုတစ်စုံတစ်ရာတွင် သက်သေခံချက်ရယူရန်နှင့်စီရင်ချက်ကိုကြေညာရန်(ချမှတ်ရန်) ရာဇဝတ်ကျင့်ထုံးဥပဒေအရ အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် (တရားမ) တရားသူကြီး တစ်ဦးဦးကို ဆိုလိုသည်။
ဒီပုဒ်မက မလိုအပ်ဘဲထည့်သွင်းထားတဲ့ ပြဋ္ဌာန်းချက်ပါ။ ဒီပုဒ်မထဲမှာ ဖော်ပြထားသလို အာဏာအပ်နှင်းထားတဲ့ 'judge' ဆိုတာလည်းရာဇဝတ်ကျင့်ထုံးဥပဒေမှာပါဝင်ခြင်းမရှိပါဘူး။ ရာ/ကျင့် ဥပဒေ ပုဒ်မ ၁၂ မှာနိုင်ငံတော်သမ္မတအနေနဲ့ ခရိုင်တစ်ခုအတွင်းမှာ သူက သင့်တော်သည်ဟု ထင်သလောက် လူပုဂ္ဂိုလ်အများကို ပထမတန်း၊ ဒုတိယတန်း သို့မဟုတ် တတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးများကို ခန့်အပ်နိုင်သည်ဆိုသော်လည်း လက်တွေ့ကျင့်သုံးခဲ့ပုံအရ ရာဇဝတ်တရားသူကြီးများအဖြစ်ခန့်ထားခြင်းမရှိဘဲ ရာဇဝတ်အာဏာများကို မည်သူ့အား အပ်နှင်းကြောင်း ကိုသာ အမိန့်ထုတ်ပြန်လေ့ရှိပါတယ်။ လက်ရှိကျင့်သုံးမှုအရဆိုရင်လည်း အမြင့်ဆုံးတရားရုံးရဲ့တရားသူကြီးချုပ်က တရားရေးဝန်ထမ်းများကို အဆင့်အလိုက် ရာဇဝတ်အာဏာများ အပ်နှင်းနေတာကို တွေ့ရပါတယ်။ ယခုပြဋ္ဌာန်းချက်အသစ်ကို မထည့်မီကပင် ခေတ်အဆက်ဆက်မှာ ဒီလိုပဲလုပ်နေကျဖြစ်လို့ ဒီပြဋ္ဌာန်းချက်ကို ထည့်ဖို့မလို အပိုဖြစ်နေတယ်လို့ပြောရတာပါ။
နောက်ပြီး ဒီအသစ်ထည့်လိုက်တဲ့ပြဋ္ဌာန်းချက်ကို အကြောင်းပြုပြီး ဆရာ Maung Maung Nyunt က "Magistrate ဆိုတာမရှိတော့လို့ ယခင် Magistrate များကျင့်သုံးခဲ့တဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခွင့်အာဏာကို ထွေ/အုပ်အရာရှိတွေက ဆက်လက်ကျင့်သုံးခွင့်မရှိတော့ဘူး"လို့ယူဆပုံရပါတယ်။ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့တွေကို ရာဇဝတ်တရားသူကြီးအဖြစ် ခန့်ထားခဲ့တာမဟုတ်သလို ရာဇဝတ်တရားသူကြီးရဲ့အာဏာများကို အပ်နှင်းခဲ့တာလည်းမဟုတ်ပါဘူး။သက်ဆိုင်ရာပုဒ်မ(ယခုပြဿနာအတွက် ပုဒ်မ ၁၄၄)များပါ အာဏာများကိုသာ အပ်နှင်းထားခြင်းဖြစ်ပါတယ်။ ရာဇဝတ်တရားသူကြီး၊တရားမတရားသူကြီး ဖြစ်ခြင်း မဖြစ်ခြင်းကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး။ ထွေအုပ်အရာရှိက (ပုဒ်မ ၁၄၄ အရ) အမိန့်ထုတ်တာကလည်း တရားသူကြီးအနေနဲ့ အမိန့်ထုတ်တာ
မဟုတ်ပါဘူး၊ အထက်မှာဖော်ပြခဲ့တဲ့ ဥပဒေများအရ သူ့အားအပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်(အာဏာ)အရ ထွေ/အုပ် ရာထူးအမည်နဲ့သာ အမိန့်ထုတ်ပြန်ခြင်းသာဖြစ်ပါတယ်။ ဖော်ပြပါဥပဒေပြင်ဆင်ချက်ကြောင့် ထွေ/အုပ် အရာရှိများအား ရာ/ကျင့် ဥပဒေပါအာဏာများ အပ်နှင်းထားခြင်းကို လုံးဝထိခိုက်မှုမရှိကြောင်းနဲ့ ဖော်ပြပါ ပြည်သူ့ကောင်စီအဆင့်ဆင့်အားလုပ်ပိုင်ခွင့်ဥပဒေအား ရုပ်သိမ်းလျှင်ပင် အဆိုပါထွေ/အုပ်အရာရှိများအား အပ်နှင်းထားတဲ့ အာဏာများဟာ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၁၄ အရ (ရုပ်သိမ်းသည့်ဥပဒေတွင်တစ်နည်းတစ်ဖုံ ဖော်ပြထားခြင်းမရှိပါက)ဆက်လက်ပြီးတည်မြဲနေမည်ဖြစ်ပါကြောင်း။
Comments
Popular posts from this blog
စာခ်ြန္ေတာ္အမိန့္နွင့္ ဥပေဒ/ စာချွန်တော်အမိန့်နှင့် ဥပဒေ
General Administration Department's Land Administration